Tue, 03/02/2010 - 00:26
တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊
ဆဋ္ဌသံဂီတိ ဝိဿဇ္ဇက အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု
မင်းကွန်းတောင်ရိုး ဓမ္မနာဒဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ
တိရောကုဋသုတ္တန် တရားတော်
ကွယ်လွန်ပြီးနောက် ပြိတ္တာဖြစ်သူ သားသမီးဆွေမျိုးများ စည်းစိမ် ချမ်းသာ ရရှိရန် ဒါနပြုနည်းကို ဟောကြားခြင်း တိရောကုဋေသု တိဋ္ဌန္တိ၊ သန္ဓိသိင်္ဃာဋကေသု စ။ ဒွါရဗာဟာသု တိဋ္ဌန္တိ၊ အာဂန္တာ န သကံ ဃရံ။ (ခုဒ္ဒက၊ နှာ၊ ဂ) တစ်ချိန်က မြတ်စွာဘုရား ဗိမ္ဗိသာရမင်းတရားကို ဟောကြားတဲ့ သုတ္တန်။ ဘုန်းကြီးတို့ သာသနာမှာ ကွယ်လွန်သော ပုဂ္ဂိုလ်များကို ရည်စူးပြီးတော့ ဒီက ကောင်းမှုကုသိုလ် ပြုလုပ်ပြီးတဲ့ အခါမှာ ဒီကောင်းမှုကုသိုလ်ရဲ့ အမျှခွန်း ညွှန်းမယ်ဆိုတော့ သာသနာ လုပ်ငန်းစဉ်ကြီး၊ ဗုဒ္ဓဘာသာတို့ရဲ့ လုပ်ငန်းစဉ်ကြီး အစဆုံးဖြစ်ပေါ်တဲ့ အချိန်ကို မျှော်ပြီးတော့ ကြည့်ရမယ်။
ဖုဿမြတ်စွာဘုရားကို အပိုင်စီးသော ဇယသေနမင်း ယခုလို ကိစ္စမျိုး ဘယ်သူက စခဲ့တုံးဆိုတော့ ဝေဠုဝန်ကျောင်းဒကာ ဗိမ္ဗိသာရမင်းတရားက စရမယ်။ တစ်ခါ ဗိမ္ဗိသာရမင်းတရားက စခဲ့ပြန်တော့ ဗိမ္ဗိသာရမင်းတရာက စပြောပြန်တော့လည်းပဲ သူ့ဟာက အကွက်က မလည်ပြန်ဘူး။